အခမ်းအနားမှုးလား၊ အလှမယ်လား ဂုဏ်ရည်အေးကျော်

အခမ်းအနားမှုးလား၊ အလှမယ်လား ဂုဏ်ရည်အေးကျော်

750 400 root

လူတစ်ဦးတစ်ယောက်တိုင်းဟာဘဝရပ်တည်မှုတစ်ခုအတွက်မိမိဝါသနာပါရာအလုပ်ကိုကြိုးစားရင်း ဘဝလမ်းကြောင်းကိုလျှောက်လှမ်းနေကြတာကတော့သဘာဝပါ။ ဒီထဲကမှ အလှမယ်ဂုဏ်ရည်အေးကျော် ဟာ ၂၀၁၃ခုနှစ်မှာမြန်မာနိုင်ငံကိုယ်စားပြု Miss Myanmar အဖြစ်အရွေးချယ်ခံရပြီးဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Myanmar International ပွဲကိုမြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး သူမဝါသနာပါရာ အခမ်အနားမှုး ဘဝကိုလုပ်ကိုင်လျှက်ရှိတာကိုတွေ့ရပါတယ်။

သူမနဲ့ခဏတာတွေ့ဆုံခိုက် လက်ရှိလုပ်ကိုင်နေတဲ့ အခမ်းအနားမှုး(MC)အလုပ် အပေါ်ထားတဲ့သူမရဲ့ ခံယူချက်

မြန်မာပြည်မှာအခမ်းအနားမှုးဆိုရင်တီချယ်တင်မိုးလွင်ကိုပြေးမြင်ကြသလိုမျိုးပေါ့။ နောင်တစ်ချိန် နောင်သုံးလေးငါးနှစ် အတွင်းမှာ အခမ်းအနားမှုးဆိုရင် ဂုဏ်ရည်အေးကျော်ကိုပဲပြေးမြင်တဲ့အထိအခြေအနေ အထိ ဂုဏ်ရည်ရောက်ချင်တယ်။ အခုပွဲတွေလုပ်ပြီဆိုရင်လည်း ဂုဏ်ရည်က တော်တော်ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ပေးဖြစ်တယ်။ စရိတ်စကကို အတိအကျမပြောထားဘူး။ ဘာလို့လဲဆိုတော့သူတို့ဘက်က ဒီလောက်ပဲ လုပ်နိုင်မယ်။ ဒီလောက်ပဲ တတ်နိုင်တယ်ဆိုရင် ဂုဏ်ရည် လုပ်ပေးနိုင်မလားပေါ့။ ဂုဏ်ရည်အနေအထားနဲ့ တချို့ဆို ဂုဏ်ရည့်လောက် ပွဲအတွေ့အကြုံမရှိသေးတဲ့ သူတွေတောင် မသွားတဲ့၊ မလုပ်ပေးတဲ့ ပွဲတွေတောင် ဂုဏ်ရည်ကသေချာညှိနှိုင်းတယ်။ ဂုဏ်ရည်ကို သေချာပြောပြရင် လုပ်ပေးတယ်။ ကြိုးစားတယ်။ ဘာလို့လဲဆိုတော့ ဂုဏ်ရည်မှာရည်မှန်းချက်ရှိတယ်။ ပြီးတော့ဒီအလုပ်ကို ဂုဏ်ရည်ကဝါသနာအရလုပ်တာ၊ ငွေကြေးအရလုပ်တာလည်းမဟုတ်တဲ့အတွက် အခမ်းအနားမှုး လုပ်နေရရင်ကို ဂုဏ်ရည်အဖို့ပျော်နေတာ။ တစ်ခါတစ်လေ တစ်နေ့ထဲကို သုံးလေးပွဲဖြစ်သွားတာ တွေတောင်ရှိတယ်။ ပင်ပန်းတယ်လို့မရှိဘူး အမြဲတမ်းလုပ်ပေးဖြစ်တယ်။ ပွဲတွေအတွက်လည်း အမြဲကြိုပြင်ဆင် တယ်။ ပွဲအပ်တဲ့သူနဲ့ အမြဲ ညှိနှိုင်းပြင်ဆင်တယ်။ စာတွေလည်းအမြဲဖတ်ဖြစ်တယ်။ ဂုဏ်ရည်ပေ့ခ်ျမှာလည်း စာအမြဲရေးတယ်။ တချို့သူတွေက အက်မင်များရေးသလားပေါ့။ ဒီလောက်အလုပ်ရှုပ်တဲ့ကြားကစာတွေ အမြဲတက် နေတာတွေ့တော့လေ သူများရေးပေးတာတစ်ခုတစ်လေပါ။ ဘယ်လိုအချက်အလက်လိုချင်တယ်။ အကြောင်းအရာက အစပေါ့၊ ဂုဏ်ရည်ကနှုတ်တိုက်အသံသွင်းထားပေးတယ်။ အဲ့ဒါကိုသူကလိုက်ရေးပေးတာပေါ့။ စာရေး၊ စာဖတ်ကိုပုံမှန်လုပ်ဖြစ်သလိုပြောရဆိုရ ဆွေးနွေးရတာကို တော်တော်ဝါသနာပါတာပါ။ အဲ့ဒါကြောင့် ခုဏပြောခဲ့သလို အခမ်းအနားမှုးဆိုတာနဲ့ ဂုဏ်ရည်အေးကျော်ကိုပြေးမြင်တဲ့အထိကြိုးစားချင်ပါတယ်။

  • အခုရောက်ရှိနေတဲ့နေရာမှာရောအားရကျေနပ်မှုက…

ထပ်ပြီးကြိုးစားနေတုန်းပါ။ အခုအနေအထားက ဂုဏ်ရည်အနေနဲ့ ပွဲတွေလည်းများတယ်။ ပြည်တွင်းပွဲ တွေရော ပြည်ပကပွဲတွေရောပေါ့။ နိုင်ငံခြားပွဲတွေကကျတော့ လူရွေးရတာနည်းတယ်။ ဘာသာစကား အခက်အခဲ ဖြစ်နေတော့လေ။ ဂုဏ်ရည်တို့ကလည်း လူရွေးတဲ့အထဲ အမြဲပါနေတော့ တစ်လ၊တစ်လ ပွဲတွေ တော်တော် များ ပါတယ်။ ကျေနပ်မှုရှိလား မေးရင်မကျေနပ်သေးပါဘူး။ ထပ်ပြီးဖြစ်ချင်သေးတယ်။ ဆက်ပြီးလည်းကြိုးစားနေပါတယ်။ အခုဆိုဟောပြောပွဲတွေက အစဖိတ်တယ်။ ဟောပြောဆွေးနွေးခိုင်းတာတွေရှိတယ်။ တစ်ဖြေးဖြေးနဲ့ ဒီလမ်းကြောင်း လေး ကပိုပြီးပြီပြင်လာပါပြီ။ ပြောနေဆိုနေရရင်ကျေနပ်တယ်။ ကုမ္ပဏီအတွက်လည်းဟုတ်တယ်။ Event တွေအတွက်လည်း ဟုတ်တယ်။ အမျိုးသမီးထုတွေအတွက်လည်းဖြစ်တယ်ပေါ့။ အဲ့အတွက် ဂုဏ်ရည်အနေနဲ့ ကြိုးစားနေပါတယ်။ ဒီလမ်းကြောင်းပ်ါမှာပဲ ရှိနေမှာပါ။ ဒီလမ်းကြောင်းကိုပဲတည့်တည့်မတ်မတ်လျှောက်သွားမှာပါ။

  • အလှမယ်ဝင်ပြိုင်ပြီးမှ ဒီလမ်းကြောင်းပေါ်လျှောက်ဖြစ်ပုံကရော….

ဂုဏ်ရည်တို့ရထားတဲ့အလှမယ်ကTitle တစ်ခုပါ။ Titleက တကယ်တတ်ကျွမ်းတဲ့ပညာတစ်ခုမဟုတ်ဘူး။ အဲ့တော့ဒီTitleနဲ့ ဂုဏ်ရည်တို့ ဘာမှလုပ်စားလို့မရဘူး။ ဝင်ငွေအနေအထားတစ်ခု၊ နေရာတစ်ခုကိုမပေးနိုင်ဘူး၊ ရပ်တည်လို့မရဘူးပေါ့။ ဘာလို့လဲပေါ့ နောက်ထပ်အလှမယ်တွေအများကြီးပေါ်ထွက်လာပြီလေ။ အလှမယ် တစ်ယောက် အနေနဲ့လုပ်လို့ရတာက ကြောငြာတွေလက်ခံရိုက်ကူးလို့ရမယ်။ ပရဟိတတွေလုပ်လို့ရတာရှိမယ်။ နိုင်ငံအတွက်ကိုယ်စားပြုပွဲတွေသွားပေးတာရှိမယ်။ ဂုဏ်ရည်တို့က Title တစ်ခုအနေနဲ့နေရာ အနေအထားတစ်ခုမှာ တတ်ကျွမ်းတဲ့အလုပ်တစ်ခုကိုရှိမှရမယ်။ အဲ့တော့ အလှမယ်ဖြစ်ပြီးမှ သရုပ်ဆောင်တွေလုပ်တာရှိမယ်။ အဆိုတော် တွေလုပ်တာရှိမယ်။ မော်ဒယ်လုပ်တာတွေရှိမယ်ပေါ့။ ဒါကလုပ်ကိုလုပ်ရမယ့်အပိုင်းတွေရှိတယ်။ ဒါကိုဝေဖန်စရာ ဘာအကြောင်းမှမရှိသလို ဒါဟာ ဂုဏ်ရည်ရွေးချယ်ထားတဲ့လမ်းကြောင်းဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။ ဂုဏ်ရည်အလှမယ်ဖြစ်ခဲ့တာ ၂၀၁၃ကပေါ့၊ ပထမဆုံးအခမ်းအနားမှုးစလုပ်ခဲ့တဲ့ပွဲက မြန်မာပြည်မှာမဟုတ်ဘူး ။ မလေးရှားမှာပေါ့ Asian Tourism ပွဲပါ။ ၂၀၁၃-၂၀၁၄ မှာဒီ ATF ပွဲကို မလေးရှားက အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပတယ်။ ၂၀၁၄-၂၀၁၅ကိုကျတော့ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပတယ်။ အဲ့ပွဲမှာ ဂုဏ်ရည်က မြန်မာ အလှမယ် အဖြစ်လိုက်သွားရတယ်။ ဟိုရောက်တော့ မြန်မာMC လိုချင်တယ်ပေါ့ဘာသာပြန်ပေးလို့ရအောင်။ အဲ့ကနေစခဲ့တယ်။ တောက်လျှောက်လေ့ကျင့်မှုတွေနဲ့ပေါ့။ အဲ့ပွဲမှာနိုင်ငံတကာကဝန်ကြီးတွေလာတယ်။ MCပွဲဦးထွက် ပွဲက တော်တော်ကောင်းခဲ့တယ်ပေါ့။ ဒုတိယပွဲကတော့ တီချယ်နဲ့အတူ ရွာမသာယာ စက်ရုံဖွင့်ပွဲကြီးမှာ တီချယ်ရဲ့လမ်းညွှန်ပြသမှုနဲ့အတူပါဝင်ခဲ့တယ်။ အဲ့ကနေစပြီးတောက်လျှောက်MCလုပ်လာခဲ့တာအခုချိန်ထိပါပဲ။

  • MC လုပ်လာပြီးတဲ့နောက်ရရှိလာတဲ့ အတွေ့အကြုံက…

အများကြီးပါပဲ၊ အစတုန်းကဂုဏ်ရည်အထင်ကြီးလေးစားခဲ့ရတဲ့သူတွေရှိတယ်။ သူတို့ကကိုယ့်ကို မလုပ်နိုင် သေးဘူးလို့ပဲထင်လားမသိဘူး။ ပွဲမှာပြောဆိုခွင့်တောင်သိပ်မပေးဘူး။ အစီအစဉ်မှာ အားလုံးပါတာ တောင်ကိုယ်ကို ပေးမပြောပဲ သူပဲပြောသွားတာတွေလည်းကြုံခဲ့ရတယ်။  တစ်ချို့ပွဲကျတော့လည်း ပရိသတ်က ကိုယ်ထင်သလောက် မပါလာတာပေါ့ ကိုယ်ကပွဲအတွေ့အကြုံနည်းတဲ့အခါကျတော့ ကိုယ်ထင်သလောက်ပရိသတ်ကမပါလာတာမျိုးပေါ့။ အခုကျတော့ ပွဲတွေလက်ခံတာများလာတော့ အတွေ့အကြုံတွေကများလာပြီ။ ရာဂဏန်းလည်းရှိနေပြီဆိုတော့ ပရိသတ်ကိုလည်း ကောင်းကောင်း ထိန်းတတ်လာပြီပေါ့။ အမေး၊ အဖြေ၊ အပေးအယူ မျှအောင်ပေါ့။ သူတို့တွေ ဆူနေပြီဆိုရင် ကိုယ်ကဟာသတွေပြောပြီး ဝင်ထိန်းပေးလိုက်တာမျိုးပေါ့။ လုပ်သက်ရင့်လာလေ ပိုပြီး လုပ်တတ်လာလေ ပေါ့။ ခေါင်းထဲမှာတန်းစီ ရှိနေတဲ့အကြောင်း အရာတွေကို ပြောရတယ်။ တခြားဆီက လေ့လာ သင်ယူရတယ်။ တီချယ်တင်မိုးလွင်၊ ကိုဆန်းထွဠ်တို့ ဆီကသင်ယူတယ်။ စာအုပ်တွေဖတ်တယ်။ အများကြီး လုပ်ရပါ တယ်။

  • လုပ်သက်ရင့်လာတာနဲ့အမျှရရှိလာတဲ့သင်ခန်းစာတွေကရော …

ဘာဖြစ်လာလဲဆိုတော့တဖြေးဖြေး ပြောရဲဆိုရဲရှိလာတယ်။ ကိုယ်ကိုပွဲလာအပ်တဲ့ ပွဲရှင်တွေကို ပိုပြီး စိတ် ကျေနပ်မှုရရှိလာအောင် လုပ်ပေးလာနိုင်တယ်။ ပွဲလာတဲ့ ပရိသတ်တွေကိုလည်း ပျော်ရွှင်မှုရှိအောင် လုပ်ပေးနိုင် တယ်။ အမေများနေ့မှာဆိုရင် တစ်နေ့တည်းပွဲသုံးပွဲ လက်ခံရတယ်။ တစ်ပွဲနဲ့တစ်ပွဲမတူဘူးပေါ့။ မနက်ပိုင်းဆိုရင် Junction City ကဆိုင်ဖွင့်ပွဲဆိုရင် အနုပညာရှင်တွေ အများကြီးလာတယ်။ အနုပညာရှင်တွေကိုချစ်တဲ့ ပရိသတ်တွေ လည်းအများ ကြီးပဲလာကြတယ်။ အဲ့တော့ အနုပညာရှင်တွေနဲ့ သူတို့ကိုချစ်တဲ့ ပရိသတ်တွေကြားမှာ ထိတွေ့ခွင့် ရအောင် လုပ်ပေးခဲ့တယ်။ ပရိသတ်တွေလည်းပျော်ကြတယ်။ အနုပညာရှင်တွေကလည်း အရမ်းချီးကျူးကြတယ်။ အရမ်းသွက် တယ်ဆိုပြီးပေါ့၊ အဲ့လိုပြောတာလေးတွေနဲ့ပဲ ဂုဏ်ရည် ကျေနပ်တယ်။ ညမှာ ဖက်ရှင်ကျောင်းတစ်ခုပေါ့ အဲ့ပွဲမှာသမ္မတရဲ့ ဇနီးကိုယ်တိုင်တက်ရောက်တယ်။ နိုင်ငံတော်ပွဲအခမ်းအနားလိုဖြစ်သွားတာပေါ့။ အဲ့လိုပွဲမှာလည်း ကောင်းတဲ့ကွန်မန့်လေး တွေကြားရတယ်။ ဒါတွေကဂုဏ်ရည်အတွက်အားတွေပါ။

root

Software Engineer

All stories by:root