“စကားတွေပြောဖို့ စိတ်ဓာတ်ခွန်အားစာတွေ အများကြီးဖတ်ခဲ့ရပါတယ်”

“စကားတွေပြောဖို့ စိတ်ဓာတ်ခွန်အားစာတွေ အများကြီးဖတ်ခဲ့ရပါတယ်”

1285 665 root

အလှမယ်တစ်ယောက်အဖြစ် စင်မြင့်အောင်မြင်မှုများရရှိခဲ့ပြီးနောက် သူရွေးချယ်သောလမ်းကြောင်းက အစီစဉ်တင်ဆက်သူတစ်ဦးဖြစ်လာသည်။ အခမ်းအနားအစီစဉ်များကို ပရိသတ်မငြီးငွေ့အောင် ဦးဆောင်တင်ဆက်ရသည့်အလုပ်ကို ချောမွေ့ပြေပြစ်အောင် လှလှပပလုပ်ဆောင်သွားနိုင်သူ လူငယ်အစီစဉ်တင်ဆက်သူ ဂုဏ်ရည်အေးကျော်အား မြန်မာတိုင်းမ်နေ့စဉ်သတင်းထောက် စည်သူဟိန်းကအောက်ပါအတိုင်းတွေ့ဆုံမေးမြန်းထားပါသည်။

လတ်တလောမှာဘာတွေလုပ်ဖြစ်နေလဲခင်ဗျာ။                                                                                                                                

ဂုဏ်ရည် Host လုပ်ပေးဖို့လက်ခံထားတဲ့ပွဲတွေရှိပါတယ်။ MC ပဲအဓိကလုပ်တဲ့အတွက် အခြားအနုပညာလှုပ်ရှားမှုတွေတော့မရှိပါဘူး။

အစီစဉ်တင်ဆက်သူလမ်းကြောင်းကို ဘယ်လိုကြောင့်ရွေးချယ်ဖြစ်ခဲ့တာလဲ။

ဂုဏ်ရည်ကစကားပြောရတာအရမ်းကြိုက်တယ်၊ အရင်တုန်းကလဲ အကို့ရဲ့ကုမ္ပဏီမှာ မားကတ်တင်းလုပ်ဖူးတယ်။ သူ့ကိုကူလုပ်ပေးရင်းနဲ့ပဲ ဈေးကွက်ရဲ့မဟာဗျူဟာကိုသိလာခဲ့တယ်။ ကုမ္ပဏီတွေနဲ့ထိတွေ့ရတာနဟုတ်ပဲနဲ့ In House Training တွေပေးရတာများတော့ စင်ပေါ်တက်ပြီးစကားပြောရတာက သိပ်မစိမ်းတော့ဘူး။ ဆယ်တန်းပြီးကတည်းက လုပ်ငန်းခွင်ထဲဝင်တဲ့အတွက် Miss ပွဲတွေဝင်ပြိုင်တော့လည်း Peagent တွေမှာလဲ အားလုံးတူတူဖြေတဲ့မေးခွန်းတွေမှာတောင် ဂုဏ်ရည်ဖြေတာက အမှတ်ပိုရတာတို့ ဆရာကသဘောကျတာတို့ ဆိုတာတွေဖြစ်နေခဲ့တာပါ။ဒီတော့ Presenter လည်းစလုပ်ရော ပထမဆုံးပွဲတွေမှာတောင်မှ ယုံကြည်မှုက တော်တော်ကြီးရှိနေခဲ့တယ်။ဒီအလုပ်ကကိုယ်နဲ့အကိုက်ဆုံးဆိုတာ သိနေတဲ့အတွက် ဒီလမ်းကိုပဲဆက်လျှောက်ဖို့ ဆုံးဖြတ်ဖြစ်သွားတာပါ။

Presenter တစ်ယောက်အဖြစ် ရပ်တည်ဖို့ကို ဘယ်အချိန်လောက်ကတည်းက စပြီးရွေးဖြစ်ခဲ့တာလဲ။

2013 တုန်းက Miss Myanmar International ရခဲ့ပြီး ဒီဇင်ဘာလောက်မှာ ပြိုင်ပြီးပြန်လာဖြစ်ခဲ့တယ်။ လာခါစဆို ဘာလုပ်ရမှန်းမသိသေးဘူး။ ကားပဲရိုက်ရတော့မှာလိုလို၊ ကြော်ညာတွေပဲရိုက်ရတော့မလိုလိုနဲ့ ကြားထဲမှာလွတ်နေခဲ့တာပေါ့။ ဒါနဲ့ 2014 ဖေဖော်ဝါရီလောက်မှာ Malaysia ကိုသွားရတယ်။ အာစီယံခရီးသွား Forum လုပ်တော့ Trophy ကိုသွားသယ်တာပါ။ ဟိုရောက်တော့သူတို့က မြန်မာ Presenter လိုချင်တယ်တဲ့။ Presenter တော့ပါမလာဘူး Miss Myanmar ပါလာတယ်ဆိုပြီး ဂုဏ်ရည်ကို နှစ်ရက်သုံးရက်လောက် အသည်းအသန်လေ့ကျင့်ပေးပြီး စင်ပေါ်တင်ပေးလိုက်တယ်။ ပထမဆုံးလုပ်ရတဲ့ပွဲကလဲ အကြီးကြီးပဲ။ အာစီယံက၀န်ကြီးတွေ၊ မလေးရှားက ၀န်ကြီးတွေ အများကြီးလာကြတဲ့ ပွဲအကြီးကြီးမှာ လုပ်ဖူးသွားတဲ့အတွေ့အကြုံကို ရရှိခဲ့ပါတယ်။ အဲ့ဒါအပြီးပြန်လာတော့ တီချယ်တင်မိုးလွင်က ရွာမတာယာဖွင့်ပွဲကို ထပ်ပြီးခေါ်တယ်။ ကြီးပေ့ဆိုတဲ့ အသိုင်းဝိုင်းတွေကြားထဲမှာ တွဲဖတ် MC အနေနဲ့လုပ်ခဲ့တော့ အဖွင့်အနေနဲ့အရမ်းကောင်းသွားပြီးတဲ့နောက်ပိုင်းမှာ ဒီအလုပ်ကို အရမ်းကြိုက်သွားပြီးတော့ ဆက်လျှောက်ဖြစ်ခဲ့တာခုချိန်ထိပါပဲ။

Miss တစ်ယောက်မဖြစ်ခင်ကကောဘာတွေဖြစ်ချင်ခဲ့သေးလဲ။

ဂုဏ်ရည်က ၂၀၁၀ / ၂၀၁၁ ခုနှစ်လောက်ကနေ ပွဲတွေစပြိုင်လာခဲ့တာ ၁၀ ပွဲလောက်ပြိုင်ပြီးနေပြီး ဆုကမရသေးဘူး။ ဒါနဲ့  Miss တစ်ဆုဆုတော့ရချင်တယ်ဆိုပြီး ၂၀၁၃ မှာ Miss Myanmar International ပွဲပြိုင်ရင်း ဆုရခဲ့တာပါ။ ဒီကြားထဲ ပွဲတော်တော်ကြဲသွားတဲ့အချိန်တွေမှာဂုဏ်ရည်က စီးပွားရေးတွေတောင်လုပ်နေပြီ။ မန္တလေးအိမ်မှာပဲ မေမေတို့နဲ့အတူတူ မေမေရဲ့ ဥပဒေဆိုင်ရာအဖွဲ့ထဲမှာပဲ အာမခံကိစ္စ၊စာချုပ်စာတန်းကိစ္စတွေကို တော်တော်များများလုပ်နေပြီးတော့မှ ၂၀၁၃ မှာ Miss Myanmar International လုပ်ရင်းနဲ့ရသွားတာပါ။အဲ့ဒိလိုနဲ့မှ ဒီလမ်းအပေါ်ပြန်ရောက်သွားတာဆိုတော့ Miss Myanmar International သာမရခဲ့ရမင် မန္တလေးမှာပဲ စီးပွားရေးတွေဆက်လုပ်နေအုန်းမယ်လို့ထင်ပါတယ်။

Presenter လုပ်ရင်းနဲ့ ကုန်ပစ္စည်းတွေကို မိတ်ဆက်ပေးတဲ့အခါမှာ တူညီတဲ့ကုန်ပစ္စည်းကို မိတ်ဆက်ပေးရတာမျိုး ကြုံရသေးလား။

ဒီနှစ်ထဲမှာတော့ EDM ပွဲတွေအရမ်းလုပ်လာကြတယ်။ ဒီလထဲမှာတင် EDM ပွဲ သုံးပွဲကို စာနယ်ဇင်းရှင်းလင်းပွဲလုပ်ခဲ့ရသေးတယ်။ ကိုယ်ပဲရှိလို့ ကိုယ့်ကိုခန့်တယ်ဆိုတာထက် ဒီလမ်းကြောင်းအပေါ် ကိုယ်ရောက်သွားတဲ့အခါမှာ ကိုယ့်ကိုခေါ်သုံးလိုက်တယ်လို့ပဲ ထင်ပါတယ်။ ပွဲစီစဉ်သူအချင်းချင်းကလဲသိနေတယ်၊ ဂုဏ်ရည်ကလဲ အားလုံးနဲ့သိနေတဲ့အခါမှာ နည်းနည်းတော့ မျက်နှာပူစရာဖြစ်တက်ပါတယ်။ ဒါပေမဲ့ ကာလအပိုင်းအခြား တစ်ခုပြီးရင်တော့ ဂုဏ်ရည်ကိုလာအပ်တဲ့ ပွဲမှန်သမျှကို လက်ခံဖြစ်ပါတယ်။ မရင်နှစ်ကတော့ ကိုးဂိတ်နဲ့တွဲပြီး တစ်နှစ်လုပ်ခဲ့ရတော့ အဲ့ဒီတစ်နှစိအချိန်တွင်းမှာတော့ အခြားသွားတိုက်ဆေး တံဆိတ်တွေကိုရှောင်ဖြစ်ခဲ့ပါတယ်။ အခုတော့ brand တစ်ခုလုံးစာတွေယူထားမရှိတဲ့အတွက် ဂုဏ်ရည်ကတော့ နောက်ကြောင်းရှင်းပါတယ်။

Presenter တစ်ယောက်ဖြစ်လာဖို့အတွက် ဘယ်လိုမျိုးလေ့လာ့ဖြစ်ခဲ့ပါသလဲ။

ဂုဏ်ရည်က ဆယ်တန်းပြီးသွားကတည်းက In House training တွေထဲမှာစင်ပေါ် တက်ပြောလာခဲ့တဲ့ အတွေ့အကြုံတွေ အများကြီးရှိခဲ့ပါတယ်။စိတ်ဓာတ်ကျနေသူကို စိတ်ဓာတ်ပြန်တက်လာအောင် ပြောပေးရတာတွေက ဒီအတိုင်းပြောလို့တော့မရပါဘူး။ စာတွေအများကြီးဖတ်ခဲ့ရတယ်။ အဲဒီလို စာဖတ်ခဲ့တဲ့အတွေ့ကြုံတွေ၊ ပြောခဲ့တဲ့အတွေ့အကြုံတွေက တကယ်တမ်း စင်မြင့်ပေါ်တက်ပြောတဲ့ခါမှာကျတော့ အများကြီးအထောက်အကူဖြစ်လာခဲ့ပါတယ်။ အရေးကြီးတာက တစ်ခုခုလုပ်နေဖို့ပဲလိုတယ်။ ကိုယ်လုပ်ခဲ့တာတွေက ဘယ်တော့မှအလဟသ ဖြစ်မသွားပါဘူး။တစ်ချိန်မဟုတ်တစ်ချိန်မှာ ကိုယ့်အတွက် ပြန်အသုံးကျလာနိုင်တာပဲ။ ဘာမှမလုပ်မှသာ ဘာမှမဖြစ်လာမှာ။ ကိုယ်ကလုပ်နေသရွေ့တော့ဖြစ်နေအုန်းမှာပဲ။ အရင်ကဂုဏ်ရည် လုပ်ခဲ့တာတွေလဲ အခုချိန်ပြန်လှည့်ကြည့်လိုက်ရင် အားလုံးက ချိတ်ဆက်မိသွားကြတာပါပဲ။ အခုစင်မြင့်ပေါ်မှာ စကားပြောရတာဟာ အရင်က ကုမ္ပဏီတွေမှာ In House Training တွေမှာ လေ့ကျင့်ပေးခဲ့တာတွေနဲ့ပြန်သက်ဆိုင်သွားတာပါပဲ။ ဒါကြောင့်လူငယ်တွေကို ပြောချင်တာက ဆယ်တန်းပြီးပြီးဆိုရင် ဘာသာစကားတစ်ခုဖြစ်ဖြစ်၊ သင်တန်းတစ်ခုခုဖြစိဖြစ် တက်နေဖို့ပါပဲ။လုပ်နေသရွေ့ကတော့ တစ်ချိန်ချိန်မှာ ပြန်အသုံးဝင်လာတာပဲ။

မြန်မာနိုင်ငံမှာ Presenter တစ်ယောက်အဖြစ်ရပ်တည်တဲ့အခါ ဘယ်လိုအခက်ခဲတွေ ကြုံတွေ့ရလဲ။

ကိုယ်ကနေအချက်အလက်တွေ မျှဝေပေးရတာဆိုတော့ ကိုယ်ကိုယ်တိုင်က ကိုယ်ပြောချင်တဲ့အကြောင်းအရာကို နားလည်နေဖို့ အဓိကအရေးကြီးပါတယ်။ ကိုယ်ဦးဆောင်တဲ့ပွဲရဲ့ ထုတ်ကုန်တွေကို ပိုရောင်းကောင်းအောင် ပရိသတ်တွေရင်ထဲမှာကျန်အောင်တော့ ပိုကြိုးစားရတာတွေရှိပါတယ်။ အငယ်တွေလည်း အများကြီးထွက်လာကြတော့ ယှဉ်ပြိုင်မှူတွေလဲ ပိုများလာပါတယ်။ ပွဲနဲ့ကိုယ်နဲ့ သဟဇာတ မဖြစ်တဲ့အချိန်တွေမှာတော့ အခက်အခဲတွေရှိလာ တက်ပါတယ်။ ဒါကြောင့် ဂုဏ်ရည်ကတော့ ဂုဏ်ရည်လုပ်တဲ့ ပွဲတွေဆို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ Script ကအစ ကြိုတောင်းတယ် အစအဆုံးချောအောင်ပြန်ရေးဆွဲတယ်။ ပွဲမတိုင်ခင်ကတည်းက သေချာပြင်ဆင်တယ်။ ဒါကြောင့် ဂုဏ်ရည်လုပ်တဲ့ ပွဲတော်တော်များများမှာတော့ အခက်ခဲတွေ မကြုံတွေ့ရပါဘူး။

Presenter တစ်ယောက်ဖြစ်ဖို့ဘယ်လို အရည်အချင်းတွေ အဓိကလိုအပ်လဲ။

ပွဲထိန်းနိုင်ဖို့က အဓိကရေးကြီးပါတယ်။ တီချယ်တင်မိုးလွင်တို့ ကို ဆန်းထွဋ္ဌ်တို့ဆိုရင် အရမ်းတော်ပါတယ်။ ဟာသတွေလဲပြောနိုင်ကြတယ်။ တီချယ်ဆိုရင် မိန်းကလေးဖြစ်ပေမဲ့လည်း ဟာသတွေအများကြီးပြောနိုင်တယ်။ သူ့ရဲ့ပွဲတွေဆိုရင် မပျင်းရဘူး။ ပရိသတ်နဲ့သဟဇာတဖြစ်ဖို့၊ ပွဲရှင်တွေ ကျေနပ်ဖို့ ကိုယ်လုပ်ကိုင်တဲ့ပွဲအောက်မြင်ဖို့ကတော့ ကိုယ်စွမ်းရှိသလောက် ကြိုးစားဖို့လိုအပ်ပါတယ်။

Presenter တစ်ယောက်အနေနဲ့အလုပ်လုပ်နေတုန်းမှာ ကြုံတွေ့ရဖူးတဲ့အမှတ်တရတွေကိုပြောပြပါအုန်း။

ဂုဏ်ရည်ကအရမ်းစကားပြောမြန်တယ်။ မြန်မာလိုပြောရင် သိပ်ကိစ္စမရှိဘူး၊ အင်္ဂလိပ်လိုပြောရင်ပိုပြီးသိသာတယ်။ သူငယ်ချင်းတွေနဲ့ကလည်း အချင်းချင်းတွေ ပြောနေကျဆိုတော့ အရမ်းအသားကျသွားပြီး စင်မြင့်ပေါ်မှာဆိုရင် အသံကလုံးသွားပြီး အောက်ကလူတွေနားမလည်ကြတော့ဘူး။ ပွဲတစ်ပွဲမှာဆိုရင် ဂုဏ်ရည်ရှေ့မှာ ကုမ္ပဏီလူကြီးတွေ၊ သံအမတ်တွေ၊ ၀န်ကြီးတွေအများကြီး ထိုင်နေကြတယ်။ အင်္ဂလိပ်လိုပြောတာက သူတို့နေရာနဲ့တော့ အဆင်ပြေပေမယ့် ခန်းမရဲ့အနောက်ဘက်ရောက်နေတဲ့သူတွေက ဘာမှမကြားရဘူး။ ကိုယ်ကဟာသတွေပြောနေတာ ဘာလို့မရယ်ကြလဲပေါ့ ရှေ့ကလူတွေကတော့ ရယ်ကြမောကြ၊ လက်ခုတ်တွေတီးကြနဲ့ နောက်ကလူတွေက စကားတွေပဲပြောနေကြတာ ပြီးမှဂုဏ်ရည်သိရတာက ပြောနေတာတွေက လုံးနေလို့မကြားရတာဖြစ်နေတယ်။ နောက်တစ်ခုက နာမည်တွေ မှားမှားခေါ်နေကြတာပါ။ စင်မြင့်ထက်မှာအဲ့လိုပြောမိတာကတော့ တော်တော်စိတ်ညစ်ရတယ်။ အခုတော့ဖြစ်တာတော်တော်နည်းလာပေမယ့် ဒီအလုပ်စလုပ်တုန်းက ခဏခဏလွဲတာကတော့ စိတ်ပျက်ဖို့ကောင်းခဲ့ပါတယ်။ ပြီးတော့ ဆုပေးတဲ့အချိန်တွေမှာဆိုလည်း ဆုတွေကိုမှားေ့ပြာမိတာတွေရှိတယ်။

ရှေ့ဆက်ပြီးဒီ Presenter အလုပ်ပဲဆက်လုပ်ဖြစ်သွားမှာလား။အခြားအနုပညာအလုပ်တွေကောဆက်လုပ်ဖြစ်အုန်းမလား။

ဂုဏ်ရည် MTV တွေမှာသရုပ်ဆောင်ဖြစ်ပါတယ်။ ဇာတ်ကားတွေသာ မရိုက်ဖြစ်သေးတာပါ။ ကြော်ငြာရိုက်တာတွေလဲရှိပါတယ်။ Talk Show တွေမှာလဲတော်တော်များများပါဝင်ဖြစ်ထားပါတယ်။ အစီစဉ်တင်ဆက်သူအနေနဲ့လဲဂုဏ်ရည်ကို ဆက်လက်တွေ့နေရအုန်းမှာပါ။ ကျန်တာကတော့ စင်မြင်ထက်မှာအမြဲတမ်း  Live and active ဖြစ်နေတဲ့ Presenter တစ်ယောက်အဖြစ် မြင်တွေ့နေရမှာပါ။

Miss တော်တော်များများက Q & A အဆင့်မှာ အခက်ကြုံတာများကြတယ်။ အဲဒါမျိုးကျတော့ ဘယ်လိုကြောင့်ဖြစ်ရတာလဲ။

မေးခွန်းတွေအဖြေတွေကတော့ အကုန်လုံး Unseen တွေကြည်းပါပဲ။ အဖွဲ့အစည်းက ဘာတွေမေးတယ်ဆိုတာကိုတောင် ကြိုမပြောတက်ကြပါဘူး။ အဓိကကတော့ တက်လာတဲ့သူတွေက Myanmar Tourism နဲ့ပတ်သတ်ပြီး လေ့လာထားရမယ်။ ကျန်တာတွေကတော့ Camp အချိန်အတွင်းမှာ သင်ထားတဲ့စာတွေကို အကုန်ပြန်ဖတ်ထားရတယ်။ Unseen တွေပဲတက်လာတဲ့အချိန်မှာ ကိုယ်ကစာဖတ်ထားတယ်ဆိုရင် အကောင်းဆုံးဖြစ်လာနိုင်ပါတယ်။ ကိုယ်ယှဉ်ပြိုင်မယ့် ခေါင်းစဉ်နဲ့ပတ်သတ်လို့ ကြိုတင်လေ့လာပြီး အကောင်းဆုံးပြင်ဆင်ထားဖို့ပါပဲ။

ဂုဏ်ရည်အနေနဲ့ ဒီခေတ်လူငယ်တွေကိုကော ဘယ်လိုမြင်မိလဲ။ 

ဒီဘက်ခေတ်လူငယ်တွေက ဖြစ်ချင်စိတ်တွေ ရှိကြပါတယ်။ ဒါပေမဲ့ ဖြစ်ဖို့ကို ဖြစ်ဖြစ်မြောက်မြောက် ဖြစ်အောင်ဘယ်လိုလုပ်ရမှန်းမသိတာရယ် သူတို့ဖြတ်သန်းခဲ့ရတဲ့ပညာရေးတို့၊ ပတ်ဝန်းကျင်တို့ကနေ သူတို့ကို ဖြစ်မြောက်အောင်ပံ့ပိုးပေးနိုင်စွမ်း မရှိကြတာရယ်ကြောင့် သူတို့ကဘာလုပ်ရမှန်းမသိကြပဲနဲ့ ကြားထဲမှာလွတ်နေကြတယ်လို့ ထင်မိပါတယ်။ ဒါပေမဲ့ သူတို့ကို တစ်ခုခုလုပ်ခိုင်းလိုက်ရင် အကုန်လုပ်နိုင်ကြတယ်။ ဘယ်လိုလုပ်ရမယ်မှန်း သူတို့သိသွားရင် အကုန်လုပ်နိုင်ကြတယ်ဆိုတော့ သူတို့ကို ဘယ်လိုလုပ်သင့်တယ်ဆိုတာ ပြောပြပေးဖို့ သူတို့လုပ်ချင်စိတ်ပေါက်အောင်ကိုယ်က တိုက်တွန်းပေးနိုင်ဖို့ပဲလိုပါတယ်။ ငယ်တုန်းကကိုယ့်ဘာသာကိုယ် ဘာမှမလုပ်ကြရဘူး။စာဆိုလဲဒါဆိုဒါပဲ ကျက်လာခဲ့ရတယ်။ ဒီစာကိုဘယ်လိုဖြေရမလဲဆိုတာ ကိုယ့်ဘာသာစဉ်းစားခဲ့ရတာ မဟုတ်ဘူးလေ။ ဒိတော့ကိုယ့်ဘာသာကိုယ် ဘာမှမလုပ်တက်တော့ပဲ သူများနောက်ကနေ ချပေးသမျှကိုပဲ Follow လုပ်လာရတာဆိုတော့ ကိုယ်တိုင်တီထွင်ကြံဆဖို့ကို ကြိုးစားချင်လာအောင် တိုက်တွန်းပေးနိုင်ဖို့ပဲ လိုအပ်ပါတယ်။ ရည်မှန်းချက်ရှိရှိနဲ့ လမ်းကြောင်းတစ်ခုကိုသာ သေချာလုပ်နိုင်မယ်လို့သိရင် အကုန်လုံးကဖြစ်အောင်လုပ်ကြမယ့် သူတွေကြည်းပါပဲ။

root

Software Engineer

All stories by:root